မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်(မကွေးဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၁၁

SME- Development Bank အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်(မကွေးဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းကျော်တို့က မကွေးဘဏ်ခွဲသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးဘဏ်ခွဲသစ်၏ ဘဏ်ခွဲ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက်  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နိုင်ငံပိုင်ဘဏ်များနည်းတူ ပုဂ္ဂလိကဘဏ်များမှလည်း အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နည်းပညာတိုးတက်မှုများနှင့်အညီ Digital Transformation ကို ၂၀၁၉ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှုအသစ်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီ ငွေသားကိုင်ဆောင်သုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် အလွယ်တကူ ငွေထုတ်ယူသုံးစွဲနိုင်သည့် Debit Card၊ အကြွေးဝယ်ကတ်ဖြစ်သည့် Credit Card တို့ကို အများပြည်သူလက်ဝယ်ရောက်ရှိအောင်ဆောင်ရွက်ပေးခဲ့ပြီး တစ်ဦးနှင့် တစ်ဦး လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်သည့် Mobile Banking ဝန်ဆောင်မှုကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန်၊ မတည်ရင်းနှီးငွေ စီးဆင်းမှုချောမွေ့စေရန်၊ စွန့်ဦးတီထွင်မှုလုပ်ငန်းများ ကောင်းမွန်စေရန်၊ လုပ်ငန်းဆောင်ရွက်မှုများ ချောမွေ့စေရန်တို့ကို ရည်ရွယ်၍ လုပ်ငန်းရှင်များကို SME Agency များနှင့်ချိတ်ဆက်ပေးခြင်း၊ SME Member Card ရရှိရေး လမ်းညွှန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး SME လုပ်ငန်းများတိုးပွားလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရေး၊ ကျေးလက်ထုတ်ကုန်များ အဆင့်မြှင့်ထုတ်လုပ်နိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့အပြင် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေရယူပြီး လုပ်ငန်းရှင်များသို့ တစ်ဆင့်ပြန်လည်ထုတ်ချေးပေးသော JICA SME (Two StepLoan) များနှင့်ပတ်သက်၍ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းတိုးချဲ့နိုင်ရေး၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေးနှင့် နိုင်ငံတော်၏ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းတို့တွင် အလုံးစုံပါဝင်သည့် တိုးတက်မှုများပေါ်ထွန်းစေရန်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ပြည်တွင်း၊ ပြည်ပဈေးကွက်တွင် လက်လှမ်းမီစေရန် ရည်ရွယ်ချက်များဖြင့် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် မတ်လအတွင်းက မကွေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ၎င်းတို့၏ လုပ်ငန်းများ တိုးချဲ့နိုင်ရေးနှင့် ချေးငွေထုတ်ချေးပေးနိုင်ရေး အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်သည် လက်ရှိလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မတည်ရင်းနှီးငွေကို တိုးမြှင့်နိုင်စေရန်အတွက် ဘဏ်မှအစုရှယ်ယာအသစ်များကို အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဝယ်ယူနိုင်ရန်အတွက် ထုတ်ဝေရောင်းချလျက်ရှိကြောင်း၊ ထို့အပြင် ဘဏ်အနေဖြင့် ချေးငွေအမျိုးအစား (၁၇)မျိုးကို ထုတ်ချေးလျက်ရှိကြောင်းနှင့် Innovative ဖြစ်သော Baby Loan အမျိုးအစားကိုလည်း ထုတ်ချေးပေးလျက်ရှိကြောင်း၊  နိုင်ငံတော်၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် နိုင်ငံပိုင်ဘဏ်များနည်းတူ ပုဂ္ဂလိကဘဏ် တစ်ဘဏ်ဖြစ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်မှလည်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ပြောင်းလဲလိုက်ပါစေလိုကြောင်းနှင့် နိုင်ငံ့စီးပွားရေးတိုးတက်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ကြိုုးပမ်းဆောင်ရွက်စေလိုကြောင်းပြောကြားကာ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

SME- Development Bank အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံဖြိုးရေးဘဏ်သည်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်မှစ၍ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခု မကွေးဘဏ်ခွဲသစ်အပါအဝင် နိုင်ငံတစ်ဝန်း စုစုပေါင်းဘဏ်ခွဲ (၂၆) ဘဏ် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မောင်ညီညာ