နတ်မောက် ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre ) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်နှင့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် သားကောင်းရတနာများပေါ်ထွန်းလာစေရန်နှင့် လွတ်လပ်ရေးအား အလွယ်တကူဆုံးရှုံးခဲ့ရသော်လည်း လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် အသက်၊ သွေး၊ ချွေးမြောက်မြားစွာ စတေးခဲ့ရသည့် သမိုင်းကြောင်းကို နောင်လာမည့် မျိုးဆက်သစ်လူငယ်များ သိရှိနိုင်စေရန်နှင့် လွတ်လပ်ရေးမတိုင်မီကြားကာလတွင် မျိုးချစ်စိတ်ထက်သန်စေမည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများအား အစဉ်အောက်မေ့သတိရစေရန်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်ရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများရှိ ကျောင်းသား/သူများဖြင့် ပြိုင်ပွဲများဖြစ်သည့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကော်လီလုံးပစ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ပြိုင်ပွဲဝင်မည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊ အခြေခံမူလတန်းကျောင်း(ဈေးရပ်ကွက်)၊ အခြေခံမူလတန်း(ရန်အောင်မြင်)ကျောင်းများရှိ ဆရာ/မများက ပြိုင်ပွဲများ ကျင်းပမည့် နေ့ရက်၊ ပြိုင်ပွဲဝင် ကျောင်းသား/သူဦးရေ၊ စည်းကမ်းများ၊ အချိန်၊ အမှတ်ပေးဇယားများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
လှဝင်း