ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၁
ကျောင်းသားလူငယ်များ စကားပြောစွမ်းရည် ထက်မြက်လာစေရန်နှင့် စာဖတ်ရှိန် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့်၊ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပါဝင်ဆွေးနွေးကြမည့် ကျောင်းသူလေးများက တစ်ဦးချင်း မိတ်ဆက်ကြပြီး၊ Grade-9 ကျောင်းသူများ ဖြစ်ကြသည့် မအိမ့်ဖူးမေက လူငယ်နှင့် မူးယစ်ဆေးအကြောင်း၊ မခင်တွယ်တာထွန်းက လူငယ်နှင့် စာပေ အကြောင်း၊ မဆောင်းလဲ့ဝေက လူငယ်နှင့် အားကစားအကြောင်းအရာများကို ဦးဆောင် ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက် နားဆင်ကြသည့် ကျောင်းသား ကျောင်းသူလေးများနှင့် အပြန်အလှန် မေးမြန်း/ဖြေကြား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၅၀)ဦး တက်ရေက်ခဲ့ကြကြောင်းပြီး၊ အခမ်းအနားအပြီးတွင် အသိပညာပေး နံရံကပ် ဘုတ်များကို ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုကြရာ မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)