မောက်မယ်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

မောက်မယ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများမှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားလာစေရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားပေးလမ်းညွှန်ပြုနိုင်စေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ရရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများတို့က စာရေးသူ တင်တင်ဝင်းနှင့်အခြား၏ “နေကမ္ဘာ”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းဆိုင်မိုင်က စာအုပ်တစ်အုပ်မှရရှိသော အသိပညာဗဟုသုတအတွေးအမြင်များကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်နှင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များက စာရေးသူ တင်တင်ဝင်းနှင့်အခြားရေးသားသည့် “နေကမ္ဘာ”စာအုပ်မှ ခေါင်းစဉ်ငယ်များဖြင့် အသိအမြင်အတွေးအခေါ်များနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေပြီး ငယ်စဉ်ကတည်းက စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိကာ စာပေချစ်မြတ်နိုးစိတ်များ ကိန်းအောင်းနေစေရန်ရည်ရွယ်၍  စိုင်းတွမ်းလီက “အဘယ်ကြောင့်နေကြတ်ခြင်းဖြစ်ပေါ်သနည်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းယဉ်လှက “နေကြတ်ခြင်းပုံသဏ္ဍန်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းခမ်းအောင်က “ကမ္ဘာပေါ်ရှိသက်ရှိများ၏ ဆင့်ကဲဖြစ်စဉ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုင်းစွမ်ဆိန်းက “ကမ္ဘာကြီးပူနွေးလာမှု” စသည့် ခေါင်းစဉ်တွင်ပါဝင်သည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် စာအုပ်ပါအကြောင်းအရာအချက်အလက်များဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ သုံးသပ်ဆွေးနွေးခဲ့ပြီး စာရေးသူ၏ခံစားမှုရသများကို အပြန်အလှန်ဖတ်ကြားဆွေးနွေး ဖလှယ်ခဲ့ကြကြောင်း သိရသည်။                                                                                                                                                

စိုင်းမျိုးသန့်(မောက်မယ်)