တောင်တွင်းကြီး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နေ့လယ် (၁) ခွဲနာရီက တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင် ဒေါ်သီတာဝင်းက အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများဥပဒေမှ ကလေးအလုပ်သမားများ၏အသက်အရွယ်စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ သရုပ်ပြကာတွန်းများ၊ “ကလေးသူငယ်အပေါ် လိင်မှုဆိုင်ရာကျူးလွန်ခြင်းသည် ပြစ်မှုဖြစ်သည်”စသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)