မြောင်းမြ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇေယျာ(ပြန်/ဆက်)