ပေါင်းတည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲကို ယနေ့နံနက်ပိုင်းက ပေါင်းတည်မြို့နယ်၊ သံသတ်စမ်းကျေးရွာနှင့်ညောင်ပင်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းတို့တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရေး၊ စာအုပ်စာပေများမှ ဗဟုသုတများရရှိရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရေးအကြောင်းနှင့် လူငယ်များအတွက် မူးယစ်ဆေးဝါးဆိုးကျိုးများကို ဟောပြောသည်။

ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စားသုံးရန်မသင့်သည့် အစားအစာများနှင့်ကုန်ညွှန်းအမှတ်အသားများအကြောင်း ဟောပြောဆွေးနွေးကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်မှူး ဒုတိယဦးစီးမှူးက စည်းလုံးခြင်းသည်အင်အား စက္ကူပြဇာတ်ကိုပြသပေးသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြ​သည်။

အဆိုပါ  အသိပညာပေးဟောပြောပွဲနှင့်ပြပွဲသို့ စုစုပေါင်း မူလတန်းဆင့်ကျောင်းသား၊ ကျောင်းသူ ၁၀၅ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ရွှေသား(ပြန်/ဆက်)