ကျောက်တံတား ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံတားမြို့နယ်ဦးစီးအရာရှိက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာ၌ လူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဉာဏ်ရည်မြင့်မားလာစေရန်၊ အချင်းချင်းဗဟုသုတဖလှယ်တတ်သည့် အလေ့အကျင့်ကောင်းတွေရရှိလာစေရန်၊ နှုတ်မှုစွမ်းရည်ကျွမ်းကျင်ပြီး ပြောရဲဆိုရဲစင်ပေါ်တက်ရဲသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မား၍ စာဖတ်သည့်အလေ့အထများရရှိပြီး ထက်မြက်သည့် လူတော်လူကောင်းလေးများဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် Grade-10 ကျောင်းသူမရွှန်းလဲ့ရည်ဖြိုး၊ လူငယ်နှင့်အားကစားဖြင့် Grade-9 ကျောင်းသူမအိမ့်မှူးပြည့်စုံ၊ လူငယ်နှင့်မူးယစ်ဆေးဖြင့် Grade-11 ကျောင်းသားမောင်ပိုင်ဇင်စိုး၊ လူငယ်နှင့်ယဉ်ကျေးမှုဖြင့် Grade-11 ကျောင်းသူမနေခြည်ကို၊ လူငယ်နှင့်စာပေဖြင့် Grade-10 ကျောင်းသူမောင်ဇွဲရဲရင့်တို့က အသီးသီးဆွေးနွေးခဲ့ကြရာ ပရိသတ်များကမေးခွန်းများမေးမြန်းသည်များကို ပြန်လည်ဖြေဆိုခဲ့ကြပြီး ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/သူများနှင့် မေးခွန်းမေးမြန်းကြသည့်သူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာမများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ကျောက်တံတား(ပြန်/ဆက်)