ရွှေတောင်မြို့နယ် (အ.လ.က) ချည်မျှင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ (အ.လ.က) ချည်မျှင်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ (အ.လ.က) ချည်မျှင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက  အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့ပြီး “တန်ဖိုးမဖြတ်နိုင်သောပေါင်မုန့်” ရုပ်ပုံစာအုပ်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက တိရစ္ဆာန်ဥယျာဥ်သို့အလည်သွားခြင်း စက္ကူပြဇာတ်ဖြင့် ပုံပြင်များ အသီးသီးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများ ရွေ့လျားစာကြည့်တိုက် သုံးဘီးမော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များကိုဖတ်ရှုကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)