ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ငါန်းဇွန် ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး “လူငယ်နှင့်အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင် ဗဟုသုတ တိုးပွားစေရန်နှင့်  စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် မမျိုးစန္ဒီဦးက စာရေးဆရာ လူခါး၏ “ကြယ်ဖမ်းသမား” ခေါင်းစဉ်ဖြင့် ကိုယ်တိုင်ကဘာကိုတကယ်ဖြစ်ချင်သလဲ ကိုယ်တိုင်သိအောင် ကြိုးစားရမယ်။ ကိုယ်ဖြစ်ချင်တာကို သိတာနဲ့ မဖြစ်ဖြစ်အောင်ကြိုးစားရမယ်။ ကိုယ်ဖြစ်ချင်တာကို သေချာတစိုက်မတ်မတ်လုပ်ရမယ် စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မနန္ဒာဝင်းက စာရေးဆရာ ဟမ်စိုင်း(ဆေး-မန်း)၏ “ပျော်ရွှင်ခြင်းဆီသို့” ခေါင်းစဉ်ဖြင့် ပျော်ရွှင်ခြင်းဆီကို သွားဖို့အတွက် လိုက်နာရမယ့် နည်းလမ်းခုနစ်သွယ်ဖြစ်သည့် အမုန်းတရားတွေအောက်မှာ အကျဉ်းကျမခံပါနဲ့၊ မဖြစ်သေးတဲ့ အရာတွေအတွက် စိတ်မပူပန်ပါနဲ့၊ ရိုးရှင်းစွာရှင်သန်ပါ၊ အနည်းငယ်ပဲမျှော်လင့်ပါ၊ ကိုယ်ပေးနိုင်သလောက်ပေးပါ၊ ပြုံးပါ၊ ဘာသာတရားများများလုပ်ပါ စသည့် အကြောင်းအရာများကို လည်းကောင်း၊ မောင်အောင်ကိုဝင်းက စာရေးဆရာ ပီတိ(ပေကြီး)၏ “အောင်မြင်သော လူငယ်” ခေါင်းစဉ်ဖြင့် ဘဝဆိုတာ အသက်ရှင်နေသေးသမျှ ကြိုးစားခွင့်ရှိနေပါကြောင်း၊ ကြိုးစားလိုတဲ့ လုံ့လ ဝီရိယ၊ ပယောဂလေးတွေ စိုက်ထုတ်ဖို့ပဲ လိုအပ်ပါကြောင်း၊ အောင်မြင်ရေးလမ်းကို အရောက်လှမ်းကိုင်နိုင်ဖို့ အသက်ရှင်ရုံ မနေပါနဲ့ တန်အောင်နေပါ၊ ထိရုံကလေး မထိပါနဲ့ ခံစားပါ၊ ကြည့်ရုံလေး မကြည့်ပါနဲ့ လေ့လာစစ်ဆေးပါ၊ ဖတ်ရုံလေး မဖတ်ပါနဲ့ မှတ်ပါ၊ ကြားရုံလေး မကြားပါနဲ့ နားထောင်ပါ၊ နားထောင်ရုံလေးမပြီးပါနဲ့ နားလည်ပါ၊  စသည့် အောင်မြင်ချင်သူတို့ လုပ်ဆောင်ဖို့ အချက်တွေကို စိတ်ကူးနဲ့တင် ရပ်တန့်မနေကြဖို့ကိုလည်းကောင်း၊ “လူငယ်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့”စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ပြန်/ဆက်)