မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် (၂ဝ၂၄) ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

မကွေး ဒီဇင်ဘာ ၁၀

(၂ဝ၂၄) ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ စုပေါင်းရုံးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျင်းပကြပြီး အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသွားသူတွေကို အမှတ်ရစေဖို့နဲ့ ပြည်သူ့ကျန်းမာရေး၀န်ထမ်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနဲ့ အိပ်ချ်အိုင်ဗွီပိုးရှိသူများအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးက နိုးကြားတက်ကြွသည့် စိတ်ဓါတ်များနဲ့ ပူးပေါင်းပါ၀င်ပြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါကို ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ်မှ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါသည် ပြည်သူလူထုကြားတွင် တစ်ပြေးညီ ကူးစက်ခံနေရသည် မဟုတ်ဘဲ ကူးစက်ရန် အန္တရာယ်များတဲ့ လူအုပ်စုများဖြစ်တဲ့ မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများ၊ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်သူများ၊ အမျိုးသမီး လိင်အလုပ်သမများတွင် အဖြစ်များကြောင်းအိပ်ချ်အိုင်ဗွီ ကူးစက်ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ တွေ့ရှိရပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူများအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အဓိက ရည်မှန်းချက်များ ဖြစ်သည့် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု အသစ်မရှိစေရေး၊ HIV ပိုးရှိသူများ၊ ဝေဒနာရှင်များအား ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ လိုအပ်သောဆေးကုသမှု ပြုစုကုသစောင့်ရှောက်မှုများ လက်လှမ်းမီရရှိကာ သေဆုံးမှုများ လျှော့ချရေးစသည့် ရည်မှန်းချက်များ ပြည့်မှီပြီး အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာနိုင်မယ်လို့ ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းအား video clipဖြင့် ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်( ပန်းချီ၊ ကာတွန်း၊ ပိုစတာ) ပြိုင်ပွဲများတွင်  ဆုရရှိခဲ့သည့် ကျောင်းသား/ ကျောင်သူများအား ဆုများအသီးသီးပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြခန်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး မေးခွန်းများမေးမြန်း၍ အမှတ်တရလက်ဆောင် ပေးအပ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)