ညောင်တုန်း ဒီဇင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းစိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့မစခန်းမှူး ဒုတိယရဲမှူး ညီညီက ကျား/မရေးရာ အကြမ်းဖက်မှုကိစ္စရပ်များနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးစိုင်းခွန်ဆမ်က အမျိုးသမီးများအား အကြမ်းဖက်မှုများအပေါ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သွယ်သွယ်စိုးက အကြမ်းဖက်ခြင်းခံရသည့် အမျိုးသမီးများအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ၊ ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)