မိုးနဲမြို့နယ် အမှတ်(၁၇)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်စကားဝိုင်း ကျင်းပ

မိုးနဲ ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်လင်းခေတ်မီစံပြကျေးရွာ(SMART VILLAGE)ရှိ အမှတ်(၁၇)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ပြုလုပ်ခဲ့ကြသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ ဒေါ်မြသိန်းထိုက်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရာတွင် ကျောင်းသား/သူများအနေဖြင့် အကျိုးကျေးဇူးများစွာရရှိစေသည့်အတွက် စနစ်တကျစိတ်ပါဝင်စားစွာနားစိုက်ထောင်သင့်ကြောင်းနှင့် မိမိတို့အနေဖြင့်လည်း ပါဝင်ဆွေးနွေးနိုင်ရေးအတုယူသင့်ကြောင်း ပြောကြားပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက လူငယ်များဗလငါးတန်နှင့်ပြည့်စုံစေရေး၊ အသိဉာဏ်ဗဟုသုတနှင့်ပြည့်စုံစေရေး၊ အပြောစွမ်းရည်များကောင်းမွန်လာစေရေး၊ အများအလယ်တွင်ရဲဝံ့စွာပြောဆိုနိုင်စေရေး၊ ကျောင်းစာအပြင်ပြင်ပဗဟုသုတများပါရရှိစေရေးနှင့် အတွေးအခေါ်များပိုမိုကောင်းမွန်လာစေရေးတို့အတွက်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကို ကွင်းဆင်းပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ဆက်လက်၍  ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးပန်းထွေးကဆောင်ရွက်ခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသူလေးများဖြစ်ကြသည့် နန်းမိုလင်းက လူငယ်နှင့်ပညာရေး၊ နန်းစံလိုင်းက လူငယ်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး၊ နန်းဆိုင်ပူးက လူငယ်နှင့်အားကစား၊ နန်းခမ်းဖောင်က လူငယ်နှင့်မူးယစ်ဆေး၊ နန်းခမ်းက လူငယ်နှင့်ကျန်းမာရေးအစရှိသည့်ခေါင်းစဉ်များကို အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား/သူလေးများကသိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြရာတာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်းသိရသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ/မများ ကျောင်းသား/သူများဝန်ထမ်းများ စုပေါင်းအင်အား ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးဇင်ကိုကို