မိုင်းဖြတ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က(မိုင်းဖြတ်)ရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခြင်း၏ရည်ရွယ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်းနှင့်ပြည့်စုံစေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(မိုင်းဖြတ်)မှ ကျောင်းသား၊ ကျောင်းသူများက နည်းပညာတိုးတက်ပြောင်းလဲမှုဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ဖန်တီးစို့၊ ကလေးများအနာဂတ်လှပကောင်းမွန်ဖို့၊ မသန်စွမ်းသူများ၏အရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ပေး၊ ပညာပြည့်ဝသည့် ဝန်းကျင်ကောင်းများဖန်တီးစို့၊ အမျိုးသားရေးအသိဖြင့် ပညာရေးမြှင့်တင်ကြစို့ ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ခေါင်းစဥ်များအလိုက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အချက်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ယင်းနောက် စကားဝိုင်းအပြီးတွင် ဦးစီးအရာရှိ ဒေါအေးဝင်းခိုင်က စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရွှေကို(မိုင်းဖြတ်)