ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့တက်ရောက်

ဘိုကလေး ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်၊ ပထမနှစ်ဝက် သင်တန်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ သင်တန်းသား/သူများက “တို့ကျောင်းတို့ဝန်းကျင်” သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုသင်တန်းသို့ လာရောက်တက်ရောက်ကြသည့် ဆရာ/မလောင်းလျာ သင်တန်းသား/သူများအနေဖြင့် မိမိတို့ကိုယ်တိုင်အရည်အသွေးပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော ဆရာ/မများဖြစ်အောင် ကြိုးစားသင်ယူလေ့လာဆောင်ရွက်ကြရန်နှင့် မိမိတို့ တပည့်များကိုလည်း အရည်အသွေးပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် မွေးထုတ်ကြရန် အမှာစကားပြောကြားသည်။

ထို့နောက် သင်တန်းသို့  တက်ရောက်ကြသော ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော်၊ မြောင်းမြ၊ ဇလွန်၊ လပ္ပတ္တာ၊ ဟင်္သာတ၊ ဝါးခယ်မ၊ မြန်အောင်၊ ကျုံပျော်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျောင်းကုန်း၊ အင်္ဂပူ၊ ငပုတော၊ လေးမျက်နှာ၊ အိမ်မဲ၊ ရေကြည်မြို့နယ်များမှ သင်တန်းသား/သူ(၁၀၇)ဦးတို့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား မြို့နယ်အလိုက်မိတ်ဆက်ခဲ့ပြီး ဝန်ကြီးချုပ်က သင်တန်းအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်းနှင့် ယခုဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်ထားရှိသည့် (၂၀၂၄)ခုနှစ်အောင် (၄)နှစ်သင်ပညာရေး ဒီဂရီကောလိပ် ပထမနှစ်၊ ပထမနှစ်ဝက် သင်တန်းအား ယခုနှစ် နိုဝင်ဘာ(၂၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး (၂၀၂၅)ခုနှစ် မတ်လ(၂၀)ရက်နေ့အထိ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)