အုတ်တွင်းမြို့နယ်၌ ၂၀၂၄/၂၀၂၅ ပညာသင်နှစ် ယဥ်ကျေးလိမ္မာဆုပေးအပ်ပွဲအခမ်းအနားကျင်းပ

အုတ်တွင်း   ဒီဇင်ဘာ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူများအား သာသနာတော်ထွန်းကား ပြန့်ပွားစေရန်ရည်ရွယ်၍ ယဥ်ကျေးလိမ္မာစာမေးပွဲဖြေဆိုခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်း(အုတ်တွင်း)ကျောင်းအစည်းအဝေးခန်းမတွင် ယဥ်ကျေးလိမ္မာဆုပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျွဲပွဲမြို့စိတ္တသုခစာသင်တိုက်ဆရာတော်ဘဒ္ဒန္တနိမ္မလ( အဂ္ဂမဟာဂန္ထ ဝါစက ပဏ္ဍိတ)ကသြဝါဒစကားမိန့်ကြားခဲ့ပြီး ယဥ်ကျေးလိမ္မာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/ ကျောင်းသူ(၂၁)အား ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုဆုများနှင့် အမှတ်တရလက်ဆောင်များကို စိတ္တသုခကျောင်းတိုက်ဆရာတော်၊ ပေါက်တောကျောင်းဆရာတော်၊ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းနာယကဆရာတော်နှင့်တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်၍ ယဥ်ကျေးလိမ္မာစာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများအားလုံးကိုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံးမှမြို့နယ်ပညာရေးမှူးဒေါ်ကြူကြူမာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါဆုပေးအပ်ပွဲနှင့်ပတ်သက်၍ အခြေခံပညာဦးစီးဌာနနှင့်အလှူရှင်များကပူးပေါင်းပြီး ကျောင်းသား/ ကျောင်းသူများအား ဗုဒ္ဓဘာသာယဥ်ကျေးမှုအခြေခံသဘောတရားများ သိရှိနားလည်စေရန်ရည်ရွယ်ကာ Grade-4 မှ ကျောင်းသား/ ကျောင်းသူ( ၂၃) ဦး၊ Grade-5 မှ( ၁၉)ဦး၊ Grade-6 မှ (၂၃)ဦး ၊ စုစုပေါင်းဝင်ရောက်ဖြေဆိုသူ (၆၅)ဦးအား နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ယဥ်ကျေးလိမ္မာစာမေးပွဲ ကျင်းပပြုလုပ်ပေးခဲ့​ကြခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)