ဒဂုံ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၀:၀၀ နာရီအချိန်ကစတင်၍ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးကျွေးမွေးခြင်း အခမ်းအနားကိုကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကိုယ်တိုင်ချက်ပြုတ်ထားသော ထမင်း၊ ကြက်သားဟင်း၊ မုန်ညှင်း ကြော်၊ မြေပဲစေ့ကြော်၊ ပဲဟင်းများဖြင့် အာဟာရစုံလင်စွာ ကျွေးမွေးခဲ့ပါသည်။ အာဟာရကျွေးမွေးမှုကို ပညာရေးဌာန၊ ကျန်းမာရေးဌာန၊ မိဘ၊ ဆရာအသင်းအဖွဲ့၀င်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို Kg အတန်းနှင့်မူလတန်းကျောင်းသား၊ ကျောင်းသူ ၄၉၈ ဦးကို ကျွေးမွေးခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများကို အာဟာရအုပ်စု(၃)အုပ်စုပြည့်စုံအောင်ကျွေးမွေးခဲ့ကြောင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို (၅)ကြိမ်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်ဥမ္မာထွေးက ပြောကြားခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများကို အာဟာရကျွေးမွေးခြင်းကို မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် ကျန်းမာရေး၀န်ထမ်းများ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများဝိုင်း၀န်းကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)