မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မြို့မကျောင်၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မိုင်းပန် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မကျောင်း၊ မြင့်မိုရ်ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင်းကောင်းများ ရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး Grade-9 ကျောင်းသား/သူများက လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်ကိုယ်ချင်းစာတရားနှင့် လူငယ်နှင့်စာပေဖန်တီးမှု စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည်များ မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)