မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် e - Government အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၁၀

အခြေခံရုံးလုပ်ငန်းများ အချိန်မီပြီးမြောက်နိုင်ရေးအတွက် ကွန်ပျူတာကျွမ်းကျင်မှုမရှိသေးသည့် ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ e - Government အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကွန်ပျူတာပညာရပ်များကို လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်သည့်အထိ ကြိုးစားသင်ယူကြရန် လိုအပ်ပါကြောင်း၊ ကွန်ပျူတာပညာရပ်တွေကို တတ်မြောက်ထားခြင်းသည် နယ်ပယ်များစွာ၏ ဖွံ့ဖြိုးတိုးတက်မှုကို သိသိသာသာ အထောက်အကူဖြစ်စေပြီး အလုပ်အများစုကို စွမ်းဆောင်ရည်တိုးမြင့်စွာ ပြီးမြောက်နိုင်ပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် e-Government အထောက်အကူပြု ကွန်ပျူတာသင်တန်းကို တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်ကြားပို့ချမည့် ကွန်ပျူတာပညာရပ်များဖြင့် မိမိတို့၏ ရုံးလုပ်ငန်းတွေကို အချိန်မီပြီးစီးရန်၊ တိကျမှန်ကန်ရန်အပြင် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများကို ခေတ်မီတိုးတက်လာသည့် နည်းပညာရပ်များနှင့်ချိတ်ဆက်ပြီး e-Government စနစ်ကို ယခုထက် ပိုမိုဖွံဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မကွေးကွန်ပျူတာက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာခင်စန်းသူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ သင်တန်းသား ()ဦးက လက်ခံရယူခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်း (၆၀)ဦးအား သင်တန်းနည်းပြများက ကွန်ပျူတာဖြင့် အခြေခံရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Word Excel Power point Application များအပြင် Website များ အသုံးပြုပုံပြုနည်းနှင့် သတင်းအချက်အလက်များကို Website တွင် Upload ပြုလုပ်ခြင်းဆိုင်ရာများကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း Section (၂)ခုခွဲ၍ နှစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)