လသာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

လသာ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခခံပညာအထက်တန်းကျောင်း(ဗဟိုစံပြ)ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးရန်နိုင်ဝင်းကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကျော်စံရွှီက မုဒိတာစကား​ကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်ကလူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နန်းသဲနုအောင်က ဦးဆောင်၍လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ Grade-10 A မှ မောင်သန့်စင်အောင်က လူငယ်နှင့်နည်းပညာ၊ Grade-10 A မှ မောင်ကောင်းစံလင်းက လူငယ်နှင့်အားကစား၊ Grade-11 A မှ မောင်ဘုန်းမြတ်သူက လူငယ်နှင့်ယဥ်ကျေးမှု၊ Grade-10 A မှ မောင်ကျော်မင်းခန့်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade - 11 A မှ မောင်နန္ဒဖြိုးကလူငယ်နှင့်စာပေ၊ Grade - 11 A မှ မောင်ကောင်းခန့်ဖြိုးက လူငယ်နှင့်အနာဂတ်စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

နန်းသဲနုအောင် (ပြန်ဆက်)