ကျိုက်လတ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ကျိုက်လတ် ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊ ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအတွက် အမျိုးသမီးများကဏ္ဍမြှင့်တင်ဆောင်ရွက်မှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ဆောင်ရွက်မှုများနှင့် အကြမ်းဖက်မှုကင်းစင်စေရေး ဥပဒေဖြင့်ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်ဉမ္မာမြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ သက်ငယ်မုဒိမ်းမှုပပျောက်ရေးဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများက ပညာဝတီအမျိုးသမီးဘဝမြှင့်တင်ရေးဂေဟာရှိ အမျိုးသမီးငယ်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ဖျာပုံခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဉီးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာနှင့်အဖွဲ့ဝင်များနှင့် အမျိုးသမီးများတက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်