ငါန်းဇွန် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “လူငယ်ရေးရာအသိပညာပေး” ခေါင်းစဉ်ဖြင့် လူငယ်များသည် မှန်ကန်သော ဘဝရည်မှန်းချက် ထားရှိပြီး ရည်မှန်းချက် အောင်မြင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုစုပျိုးထောင်ရမည်ဖြစ်ကြောင်း၊ လူငယ်များအရည်အသွေးပြည့်ဝစေဖို့ အတတ်ပညာ လိုအပ်သလို အသိပညာဆိုတဲ့ တွေးခေါ်မျှော်မြင်တတ်မှုသည်လည်း မဖြစ်မနေလိုအပ်ကြောင်း၊ အသိပညာ၊ အတတ်ပညာ နှစ်မျိုးလုံးကိုရရှိဖို့ အတတ်ပညာကို ကြိုးစားသင်ယူရမှာ ဖြစ်သလို အသိပညာကိုလည်း ကိုယ်တိုင် လေ့လာဆည်းပူးရမှာ ဖြစ်ပါကြောင်း၊ အသိပညာအတတ်ပညာပြည့်ဝစေဖို့ ကာယ၊ ညာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂ၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးဟောပြောသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အကြီးတန်းစာရေး ဒေါ်မို့မို့စံက “လူငယ်နှင့်ကိုယ်လက်လှုပ်ရှားအားကစား” ခေါင်းစဉ်ဖြင့် ကိုယ်လက်လှုပ်ရှားအားကစား အလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးကိုကိုနိုင် (ရုပ်သံကျွမ်းကျင်-၃) က “ကလေးအလုပ်သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်း မည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်ပြီး ဉပဒေပြဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းဆွေးနွေးဟောပြောသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး၊ နံရံကပ်စာစောင်များပြသခြင်းနှင့် သုတရသစာအုပ်၊ စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)