မင်းဘူးခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ သက်ငယ်မုဒိမ်းနှင့် ကိုယ်လုံပညာ သင်တန်းဖွင့်ပွဲများကျင်းပ

မင်းဘူး  ဒီဇင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ သက်ငယ်မုဒိမ်းနှင့် ကိုလုံပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (၂) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာသိကောင်းစရာများကို အသိပညာပေးပြောကြားသည်။

ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုဇမ်က ကိုယ်လုံပညာနှင့်ပတ်သက်ပြီး သိကောင်းစရာများကို အသိပညာပေးဆွေးနွေးကာ မင်းဘူးမြို့နယ် ဥပဒေရုံးမှ မြို့နယ်ဥပဒေပညာရှိ ဒေါ်ဇင်မာဦးက သက်ငယ်မုဒိမ်းပြုခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပြီး၊ ခရိုင်အားကစားမှူး ဒေါ်နှင်းယုဇမ်က ကိုယ်လုံပညာ အခြေခံ ကစားနည်းများနှင့်ပတ်သက်၍ သရုပ်ပြကာ ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)