ကြံခင်း ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားသည့်နေရာများတွင် ပွင့်လင်းရာသီရောက်ရှိလာသဖြင့် မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် မီးဘေး လုံခြုံရေးပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်လမ်းနှင့် မြို့မဈေးကြီးတို့တွင် ဖြန့်ဝေပေးကြသည်။
ထိုသို့ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် တပ်ဖွဲ့ဝင်များက ပြည်သူများ၊ ဈေးလာရောက်ဝယ်ယူသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး အဆိုပါလမ်း တစ်လျှောက်ရှိ နေအိမ်များအား မီးဘေးအသိပညာပေးခြင်း မီးသတ်ဆေးဘူးများ သတ်မှတ်လမ်းညွှန် ချက်များနှင့်အညီ ဆောင်ရွက်ထားရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မီးလောင်မှုဖြစ်ပွားသည့်အခါ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ မီးလောင်ဆုံးရှုံးမှုအခြေအနေ၊ မီးသတ်ဦးစီးဌာနများသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ စက္ကန့်တိုင်းမှာ မီး သတိပြုကြပါဗျို့ ကာတွန်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့်နည်းလမ်းများနှင့် မီးဘေးအန္တရာယ် ကင်းဝေးအောင် ဆောင်ရန်၊ ရှောင်ရန်များစသည့် ကဏ္ဍစုံလင်စွာ ပါရှိကြောင်းသိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)