ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့်မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူများသတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးမှုများကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းက မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ မြို့ပေါ်ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကင်းဝေးရေးအသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင်လည်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်လမ်းများတစ်လျှောက် မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။
အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင်လည်း ရပ်ကွက်အတွင်းရှိနေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြှိမ်းသတ်ပြီးမှ အိပ်ကြပါရန်၊ လျှပ်စစ်မီးအားသတိထားကိုင်တွယ်ကြရန်၊ တရားမဝင်လောင်စာဆီများသိုလှောင်ခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်း မပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိရေအိုး၊ ရေစည်များကိုရေဖြည့်ထားရှိရန်နှင့် မီးလောင်မှုနှင့် မီးလန့်မှုများဖြစ်ပွား ပေါ်ပေါက်လာပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ဆောင်ရွက်သွားရန်တို့ကို မြို့ပေါ်ရပ်ကွက်လမ်းများတစ်လျှောက် မီးသတ်ကားဖြင့်လှည့်လည်ကာ အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)