ဒေးဒရဲမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ ဒီဇင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ အပတ်စဉ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ()နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာလှပရေးဆောင်ရွက်သွားရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက်လမ်းများ၊ စာသင်ကျောင်းများ၊ ကျေးလက်ကျန်းမာရေးဌာနများဆောင်ရွက်ပြီးစီးမှုနှင့်လိုအပ်ချက်များ၊ အခက်အခဲများကို အချိန်မီပြန်လည်တင်ပြသွားကြရန်၊ နွေစပါးနှင့် ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအားအချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကျေးရွာများအရောက်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သွားကြရန်၊ ဒီဇင်ဘာအားကစားလအတွင်းကျင်းပမည့် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများပါဝင်ဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာအသီးသီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် ပြည်သူများတင်ပြလာသည့် အခက်အခဲများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ လူမှုစီးပွားများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ပြည်သူများတင်ပြလာသည့် အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အပတ်စဉ်ညှိနှိုင်းအစည်းအဝေးများ ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း