ပြည် ဒီဇင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ဥပဒေပညာ သင်ကြားနိုင်ရေးအတွက် Grade-11 နှင့် Grade-12 ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က "နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများတွင် ဥပဒေပညာသင်ကြားနိုင်ရေးအတွက် Grade-11 နှင့် Grade-12 အဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် သင့်လျော်မည့် ဥပဒေအသိပညာဆိုင်ရာ သင်တန်းညွှန်းတမ်းကို ရေးသားပြုစုပြီး ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ယခုလိုဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း Training of Trainer (TOT) ကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း" အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို ဖွင့်လှစ်ပြသပြီး သင်တန်းစတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမစုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၁၅၄) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေတို့ကို ဒီဇင်ဘာ (၃) ရက်မှ (၁၂)ရက်အထိ သင်တန်းကာလ (၁၀) ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)