ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံစာစောင်ပြပွဲကွင်းဆင်းဆောင်ရွက်

သဲကုန်း ဒီဇင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းတို့ကို အခြေခံပညာမူလတန်းကျောင်း (ရပ်ကွက်-၃)၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင့်နန္ဒာဌေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သုတ၊ ရသစာအုပ်စာစောင်မျိုးစုံများ စီစဉ်ထားရှိကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်စဥ်ကပင် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိလာစေရန်နှင့်လွတ်လပ်ရေးနေ့ အကြောင်းသိကောင်းစရာများနှင့် ကျောင်းသာလူငယ်များ နေ့ထူးနေ့မြတ်များကို အစဥ်သတိရစေရန်နှင့်ဗလငါးတန်ပြည့်စုံကြွယ်ဝ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/ ကျောင်းသူများဖြစ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်ဌေးဌေးမြင့်တို့က ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စက္ကူပြဇာတ် စာအုပ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှုစေပြီး ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)