ပေါင်းတည် နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပန်းတိုင်အထွက်နှုန်းနှင့်သီးထပ်သီးနှံစိုက်စွမ်းအား တိုးတက်ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည့် တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့်တောင်သူများအား ကောက်စိုက်စက်၊ Drum Seeder ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်နှင့်ကျေးရွာအုပ်စုစိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဝင်များ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် တောင်သူများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားရာ မြို့နယ်အတွင်း သီးထပ်သီးနှံစိုက်စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေးကို တာဝန်ရှိသူများနှင့်တောင်သူများ ပူးပေါင်းဆောင်ရွက်ရေး၊ အကျိုးဖြစ်ထွန်းအောင်မြင်မှုနှင့်အတူ နိုင်ငံ့စီးပွားမြှင့်တင်နိုင်စေရေးအတွက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် ထူးချွန်တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်သူများနှင့် စိုက်စွမ်းအား ပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား တာဝန်ရှိသူများက အသီးသီး ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် စိုက်နည်းစနစ်မှန်ကန်စွာဖြင့် သီးနှံများပိုမိုအထွက်ကောင်းအောင် စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လက်ဆွဲကောက်စက်များနှင့် အစေ့ချကိရိယာ Drum Seeder များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ ကတောင်သူများအား အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)