ကျောက်ဆည် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် မိုးကောင်းသောက် ယာမြေများ အများစုပိုင်ဆိုင်ကြပြီး ပဲအမျိုးမျိုးနှင့် အခြားသီးနှံများကို ရာသီအလိုက် ပြောင်းလဲစိုက်ပျိုးကြကြောင်း၊ မိုးနှောင်းကာလတွင် ဝါသီးနှံများ၊ ဝါနှင့် ပဲစင်းငုံ သီးထပ်သီးညှပ်စိုက်ပျိုးခြင်းများ အဓိကထားစိုက်ပျိုးကြရာ ကွင်းအမှတ်(၂၅၄)၊ ဦးပိုင်အမှတ် (၃၉)၊ တောင်သူဦးမြင့်လွင် စိုက်ပျိုးထားသော မိုးနှောင်းဝါမျိုးဝါစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဝါသီးနှံများစိုက်ပျိုးရာတွင် အပင်ပေါက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည်ဝါမျိုးများရွေးချယ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီများရယူကာ အပင်မကြပ်စေရန်နှင့် မျိုးစေ့ကုန်ကျမှု သက်သာစေရန်အတွက် စိုက်ကျင်းတစ်ကျင်းလျှင် ဝါမျိုးစေ့ (၃) စေ့ထက်မပိုဘဲ တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီစေရန် စိုက်တန်း/စိုက်ကျင်းများကို (၃) ပေအကွာ၊ (၃) ပေအကျယ် (၂) ပင်ချန်ကာရွက်စစ် (၃-၄) ရွက် ထွက်ချိန်၊ စိုက်ပျိုးပြီး (၁၈) ရက်မှ (၂၁) ရက်တွင် သားခွဲစိုက်ပျိုး ကြောင်း၊ သွင်းအားစုအနေဖြင့် တစ်ဧကတွင် နွားချေးလှည်း (၁၀) စီးနှင့် ကွန်ပေါင်းမြေဩဇာ (၁) အိတ်ကိုမြေခံထားပြီး ကွန်ပေါင်းမြေဩဇာအိပ်တစ်ဝက်နှင့် ယူရီးယားအိတ် (၁) ဝက်ကို အပိန့်ဝင်ချိန်တွင် အပင်အခြေမှ (၆) လက်မအကွာ၊ ပန်းပွင့်ချိန် အပင်အခြေမှ (၈) လက်မအကွာ ထည့်သွင်းပေးရကြောင်း၊ အပင်သက်တမ်းတစ်လျှောက်တွင် ပေါင်းမြက်များ ရှင်းလင်းပေးရပြီး စိုက်တန်းကြားများတွင် ကြားထွန်တိုက်ခြင်းများ ပြုလုပ်ပေးရကြောင်း၊ အပိန့်စတင်ကာနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့်ဝါသီးကြီးထွားချိန်တို့တွင် အစိုဓာတ်လုံလောက်စွာရရှိရေး ရေသွင်း ပြီးတိုင်း ကြားထွန်တိုက်ကာမြေဆွပေးရကြောင်း၊ သက်တမ်း (၅၀) ရက်သားအထိ စုပ်ပိုးကာကွယ်ဆေး (၂) ကြိမ်၊ ရက် (၆၀) နောက်ပိုင်းတွင် ဝါဂွမ်းပိုးနီနှင့် ရွတ်လိပ်၊ ရွတ်စားပိုးအတွက် ဆေး (၂) ကြိမ် ဖျန်းပေးရပြီးလိုအပ်ပါက အခြားပိုးများအတွက် ဆေးများဖျန်းပေးရကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ဝါသီးနှံများစိုက်ပျိုးရာ၌ သင်းဒီးစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်း စခန်းနှင့် သင်းတွဲနည်းပညာပေး ရှေ့တန်းစခန်းတွင် အဓိကထားစိုက်ပျိုးကြကြောင်းနှင့် မိုးကြို၊ မိုး၊ မိုးနှောင်း ရာသီးများတွင် ဝါစိုက်ဧကစုစုပေါင်း (၁၆၆၆၆) ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)