ပေါက်ခေါင်းမြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ပေါက်ခေါင်း နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသားလူငယ်များအတွက် အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်များမှ စာအုပ်စာ‌ပေကောင်းများ ဖတ်ရှုရခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိလာမည်ဖြစ်‌ကြောင်းတို့ကို‌ ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများကို ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/ကျောင်းသူလေးများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခြင်းကို  လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)