ကံမ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၈) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီက ပုညိုကျေးရွာအုပ်စုမှ တောင်သူ (၂၉)ဦးတို့၏ စိုက်ဧက (၉၁)ဧကအတွက် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးပြီး မြို့နယ်မန်နေဂျာ ဒေါ်မေလပ်ဝင်းက ဘဏ်အဖွဲ့ဝင်တောင်သူများ လိုက်နာရမည့် စည်းကမ်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထိုသို့ ထုတ်ပေးရာတွင် ငွေကျပ် သိန်းပေါင်း (၅၅၀၀) သိန်း ထုတ်ချေးပေးရန် လျာထားပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ် အစရှိသည့် စိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်း ယနေ့အထိ ကျေးရွာအုပ်စု(၃)အုပ်စုမှ တောင်သူ(၁၃၆)ဦး၏ စိုက်ဧက(၄၇၃)ဧကအတွက် ငွေကျပ် (၄၇၃)သိန်းအား ထုတ်ချေးပေးပြီးဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)