ကြံခင်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာမြတ်စွာဘုရားကြီး၏ (၂၀၉) ကြိမ်မြောက် ဘုရားပွဲတော်နှင့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲတော်အခမ်းအနားကို ယမန်နေ့ည (၈) နာရီအချိန်က မြို့မရပ်ကွက်၊ အဆိုပါဘုရားဝန်းအတွင်း ကျင်းပခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြည်စိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသောင်းထွဋ်လွင်တို့က မီးပုံပျံလွှတ်တင်ဖွင့်လှစ်ကြပြီး၊ ကျွဲအဖွဲ့ (၈) ဖွဲ့က အက၊ အလှများဖြင့်ဖျော်ဖြေကပြကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြသည်။
ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာဘုရားပွဲတော်ကို တန်ဆောင်မုန်းလဆန်း(၈)ရက်မှစတင်ပြီး ဘုရားပွဲကျင်းပရာ တန်ဆောင်မုန်းလဆန်း(၁၄)ရက်နေ့ထိ မြို့မရပ်ကွက်၊ ဒီပင်္ကရာဘုရားတန်ဆောင်းအတွင်း ကိန်းဝပ်စံပယ်အပူဇော်ခံမှာဖြစ်ရာ၊ စေတနာရှင်အလှူရှင်များက ဒါနပါဝထ္ထူအစုစုတို့ဖြင့် မဲပို့လှူဒါန်းခြင်း၊ တန်ဆောင်းမုန်းလပြည့်နေ့အရုဏ်တတ်ချိန်တွင် ဆွမ်းဆက်ကပ်လှူဒါန်းပြီး၊ နောက်ပါသံယာတော် (၂၀၀) ပါးဖြင့် မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံမှာဖြစ်ကြောင်းနှင့် ကျွဲအကအလှပွဲကို တန်ဆောင်မုန်းလပြည့်ညအထိ ကပြဖျော်ဖြေပေးမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)