နတ်မောက် နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာနက သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းခွဲ (အိုးဘို)၌ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျှင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးများ၏ ကြိုတင်ပြင်ဆင်ရေး နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မိမိသိရှိထားသည့် အသိပညာများကို လက်တွေ့အသုံးချ အသုံးပြုကြရန် နည်းလမ်းများ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စည်းစည်းလုံးလုံး စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် (၉)ဘေးရှိကြောင်း၊ မုန်တိုင်းဘေးအသိပညာပေး အကြောင်းအရာများ၊ မုန်တိုင်းနှင့် ပတ်သတ်ပြီး အရောင်(၅)ရောင်ရှိကြောင်း၊ မိုးတွင်းကာလတွင် သတိထားနေထိုင်ကြရန်၊ မိုးလေဝသ သတိပေးအချက်အလက်များကို နားထောင်ကြပြီး မိသားစုဝင်များနှင့် အနီးအနားရှိ ပြည်သူများအား အသိပေးကြရန်၊ ဘေးအန္တရာယ်ဖြစ်လာလျှင် ဘေးကင်းလုံခြုံသည့် နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန်စသည့် သဘာဝဘေးအန္တရာယ် အသိပညာပေး အကြောင်းအရာများကို ဟောပြောဆွေးနွေး ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ကြသည့် အခြေခံပညာအထက်တန်းကျောင်းခွဲ(အိုးဘို)ရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှဝင်း(ပြန်/ဆက်)