ရွှေတောင် နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်၊နံရံကပ်စာ စောင်ပြပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့် က အမျိုးသားရေး စိတ်ဓာတ်များရှင်သန်ထက်မြက်လာ စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်လာ စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံနှင့် သမိုင်းကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား စာကြည့်တိုက်လှုပ်ရှားမှုအနေဖြင့် ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်များ အသီးသီးပြောပြခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမျိုးသားအောင်ပွဲရေးနေ့ အထိမ်းအမှတ်အကြို ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)