မူဆယ်မြို့နယ်လုံးကျွတ် (တတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မူဆယ် အောက်တိုဘာ ၂၁ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ မြို့အဝင် မီးပွိုင့်လမ်းဆုံမှ သိန်းသန်းချီ အဝေးပြေးကွင်းသွားလမ်း၌ မူဆယ်မြို့နယ်လုံးကျွတ် (တတိယအကြိမ်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ဦးစွာ မူဆယ်မြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ တရားနာယူခြင်းနှင့် ရေစက်သွန်းချအမျှဝေခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် တာဝန်ရှိသူများက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး မူဆယ်မြို့နယ်အတွင်းရှိ သံဃာတော်၊ သီလရှင်အပါး (၁၀၇၉)ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။ သံဃာတော်၊ သီလရှင်များ၏ ဆွမ်းကိစ္စများနှင့် ကျေးရွာကျောင်းကန်ဘုရားအထိ သွားလာရေးများကို ဆွမ်းဆန်စိမ်းလောင်းလှူရေးကော်မတီက ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တတိယအကြိမ်မြောက် မူဆယ်မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးကြောင့် မကြွရောက်နိုင်သည့် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုများကို သီတင်းသုံးရာ ကျောင်းတော်အရောက် ပို့ဆောင်ဆပ်ကပ်မည်ဖြစ်ပါသည်။ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပရာတွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ၊ ချစ်ကြည်ရေးအသင်းအဖွဲ့ပေါင်းစုံဖြင့် စုပေါင်းလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူသည့် ဒေသခံပြည်သူများအား ယဉ်ကျေးမှုအသင်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ပေါင်းစုံနှင့် စေတနာရှင်များက စတုဒီသာအဖြစ် ကချင်ရိုးရာဒန်ပေါက်၊ အစ္စလာမ်ဘာသာဝင်များက ကြက်ဆီထမင်း၊ အချိုရည် စသည့်စားသောက်ဖွယ်ရာများကို ဧည့်ခံကျွေးမွေးခဲ့ကြသည်။ တတိယအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော်၊ သီလရှင်အပါး (၁၀၇၉)ပါးအတွက် တစ်ပါးလျှင် ငွေသား(၂၆၀၀၀၀)ကျပ်ခန့်ဖြင့် ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်း လှူဒါန်းမှု စုစုပေါင်းကျပ် (၂၈၀၀၀၀၀၀၀) ကျော် လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ (မူဆယ်)