ကြံခင်းမြို့နယ်တွင် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါဆိုတော်မူသော သံဃာတော်အရှင်သူမြတ် (၂၁၄) ပါးအား အာရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူပူဇော်ပွဲကျင်းပ

ကြံခင်း စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြည်စိုး ဦးဆောင်သောရဲကင်း၊ ရဲစခန်းမိသားစုဝင်များစုပေါင်းပြီး မြို့နယ်အတွင်းရှိဝါဆိုတော်မူသော သံဃာတော်အရှင်သူမြတ် (၂၁၄) ပါးအား အာရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယနေ့နံနက် (၄) နာရီအချိန်က ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ အိမ်တော်ရာလမ်းရှိ တနင်္ဂနွေဆွမ်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြည်စိုးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲဝန်ထမ်းမိသားစုများစုပေါင်းပြီး မြို့နယ်အတွင်းရှိဝါဆိုတော်မူသော သံဃာတော်အရှင်သူမြတ် (၂၁၄) ပါးအား အာရုဏ်ဆွမ်း၊ ဆွမ်းဟင်းများလောင်းလှူပူဇော်ပြီးနောက်၊ ရွှေတောင်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တစန္ဒိမာအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရွှေတောင်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တစန္ဒိမာထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝထ္ထုအားဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ယင်းနောက်ဖိတ်ကြားထားသော ဧည့်သည်တော်များအားမုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)