ဒဂုံအရှေ့ စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က အမှတ် (၆) မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သန်ခေါင်းစာရင်းကောက်ယူခြင်းမှရရှိသော အချက်အလက်မှန်ကန်မှသာ နိုင်ငံကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့် သန်းခေါင်စာရင်းလုပ်ငန်းတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါ၀င်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းခန့်အပ်လွှာများကို ပေးအပ်ခဲ့သည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက် (ပြန်/ဆက်)