ပွင့်ဖြူ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာတစ်ဦးက စာရင်းကောက်ယူရာတွင် တွေ့ကြုံရမည့်အခက်အခဲများနှင့်ပတ်သက်ပြီး ဆက်သွယ်ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
အဆိုပါသင်တန်းကိုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဦးကျော်သူရက ကြီးကြပ်၍ သင်တန်းနည်းပြဆရာ (၆) ဦးတို့က သင်တန်းသား၊ သင်တန်းသူ ၁၁၃ ဦးကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး ရပ်ကွက် (၄) ခုနှင့် ကျေးရွာအုပ်စု (၅၂) အုပ်စုရှိ စာရင်းကောက်ကွက်ပေါင်း (၃၀၀) တို့တွင် စာရင်းစစ်၊ စာရင်းကောက် (၁၁၃)ဦးတို့က စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးဦးကျော်သူရထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)