မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို အမှတ် (၁၁) ရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျာင်း ငုဝါဆောင်ခန်းမတွင် ကျင်းပဆောင်ရွက်သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်မှ ခွေးရူးရောဂါကာကွယ်ရေးအတွက် စည်ပင်သာယာရေးအဖွဲ့၏ ဆောင်ရွက်ပေးမှုများအကြောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစန်းဝင်းမှ လူတွင် ခွေးရူးရောဂါကူးစက်လျှင် ဖြစ်နိုင်သော ရောဂါလက္ခဏာများနှင့် ခွေးရူးရောဂါကာကွယ်ရေးဆေးများအကြောင်း၊ ခွေးရူးရောဂါကူးစက်ခံရနိုင်သည့် နည်းလမ်းများအကြောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဖြူဖြူဝင်းက ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်ခံထားရသော ခွေး၏တံတွေးမှတဆင့် အများဆုံးကူးစက်ခံရပြီး ခွေးရူးရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း၊ လူတိုင်းအသက် အရွယ် ကျား/မမရွေး၊ ဆင်းရဲချမ်းသာမရွေး ရောဂါဖြစ်နေသော ခွေးအကိုက်ခံရပါက ခွေးရူးရောဂါ ကူးစက်ခံရနိုင်ကြောင်း စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီးနောက် ခွေးရူးရောဂါကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များ ကျောင်းသား/ သူများ၊ ဆရာ၊ ဆရာမ များ စုစုပေါင်း (၆၀၀) ဦးခန့်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)