ကျိုက်လတ် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၈)ကြိမ်မြောက် (World Rabies Day) ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးမြင့်နှင့် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ရီတို့က ခွေးရူးရောဂါကာကွယ်ရေးအကြာင်း သိကောင်းစရာများ၊ တိရိစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ မိမိအိမ်မွေးတိရိစ္ဆာန် (ခွေးနှင့် ကြောင်)များကို ခွေးရူးရောဂါမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းများ၊ ခွေးရူးရောဂါ၏ လက္ခဏာများ၊ မျိုးမပွားအောင်ပြုလုပ်နည်းများ၊ သတိထားလိုက်နာရမည့်အချက်များ စသည်တို့ကို ဟောပြောခဲ့ကြသည်။ “အတားအဆီးများကိုကျော်လွန်မှ ခွေးရူးရောဂါကင်းစင်ပ ခြေလှမ်းတိုင်းမှာပါဝင်ကြ” ဆောင်ပုဒ်နှင့်အညီ ခွေးရူးရောဂါလျော့နည်းပပျောက်သွားစေရန် ရည်ရွယ်၍ မြို့နယ်အတွင်း ခွေးနှင့်ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ မျိုးမြင့်ထံမှ သိရသည်။
လှိုင်မင်းအောင်