မိုင်းကိုင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အလွန်အရေးပါပြီး အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ လက်တွေ့သင်ကြားပေးသည့် ဘာသာရပ်အလိုက်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် မထပ်၊ မကျန်ထိရောက်မှုဖြင့် အချိန်နှင့်တပြေးညီ အောင်မြင်စွာကောက်ယူသွားကြစေလိုကြောင်း အမှာစကားပြောကြားပြီးနောက် တာဝန်ရှိသူများက သင်တန်းအဖွဲ့ခေါင်းဆောင်ဆရာ/ဆရာမများအား စာရင်းစစ်၊ စာရင်းကောက်ခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကောက်ကွက်ပေါင်း ၁၈ ကွက်တို့၌ စာရင်းစစ် ၁၉ ဦး၊ စာရင်းကောက် ၃၆ ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)