ပုသိမ် စက်တင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၈)နှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည်နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား လူငယ်များအား အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းများကိုဖွင့်လှစ် သင်ကြားလေ့ကျင့် ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်ရရှိရေးကို ပိုမိုမြှင့်တင်ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကိုလည်းဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသက် မွေးဝမ်းကျောင်းပညာရပ်များဖြင့် မိမိတို့၏ဘဝရပ်တည်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူများ၊ သင်တန်းဆင်း အောင်လက်မှတ်များနှင့် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များနှင့် သင်တန်းတစ်ပတ်စဉ် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သင်တန်းဆင်းသင်တန်းသူများ၏ လက်ရာများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)