ပဲခူး စက်တင်ဘာ ၂၈
ပဲခူးမြို့တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး)သင်တန်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က သက်မွေးပညာရပ်သင်တန်းများ သင်ကြားပေးခြင်းသည် အထူးကောင်းမွန်သည့် အစီအစဉ်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်ပြီး လေ့လာဆည်းပူးခဲ့သော စာတွေ့၊ လက်တွေ့ပညာရပ်များအား ပိုမိုအကျိုးရှိစွာအသုံးချနိုင်ပါက မိသားစုဝင်ငွေရရှိနိုင်မည့် ကိုယ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမှာဖြစ်ကြောင်း၊ သင်တန်းပြီးစီးပါက သင်ယူခဲ့သည့် အသိပညာ၊ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတို့၏လုပ်ငန်းနယ်ပယ်များတွင် ပြန်အလည်အသုံးချလုပ်ကိုင်နိုင်အောင် ကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်မာသက်မှ သင်တန်းဖွင့်လှစ်ခဲ့မှုနှင့် သင်တန်းဖွင့်လှစ်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ပြသထားသည့် ထုတ်ကုန်ပစ္စည်းများနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်နည်းပညာသင်တန်းအား စက်တင်ဘာလ (၂၇)ရက်နေ့မှ အောက်တိုဘာလ (၁၀)နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦးတက်ရောက်ကာ ကျွမ်းကျင်သင်တန်းနည်းပြများမှ အဝတ်လျှော်ဆပ်ပြာရည်ပြုလုပ်နည်း၊ ပန်းကန်ဆေးဆပ်ပြာရည်ပြုလုပ်နည်း၊ လက်ဆေးဆပ်ပြာရည်ပြုလုပ်နည်း၊ ရေချိုးဆပ်ပြာရည်ပြုလုပ်နည်းနှင့် ဆပ်ပြာခဲပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)