မက်မန်းမြို့နယ်တွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မက်မန်း စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စာရင်းစစ်၊ စာရင်းကောက် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်သန်းခေါင်စားရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားရာတွင် “သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မူဝါဒများချမှတ်ရာတွင် အလွန်အရေးပါသောကြောင့် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သောကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်သောင်း၊ အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ်တပ်မှူး ဗိုလ်မှူးစိုင်းယီ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်ခိုင်၊ မြို့နယ်သန်းခေါင်းစာရင်းကော်မတီ ဦးသန်းဌေးတို့က သင်တန်းသူ/သင်တန်းသားကို ခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ်တပ်မှူး ဗိုလ်မှူးစိုင်းယီက မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)