ကွန်ဟိန်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့နံနက် ၈ နာရီက အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာစစ်ဗျူဟာ(အခြေချ)ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်မှ သင်တန်းဆင်းပွဲ အမှာစကားပြောကြားခဲ့ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ဒုကျောင်းအုပ် ဒေါ်ဆုမြတ်ထွေးမှ သင်တန်းဆိုင်ရာ အချက်အလက်များ၊ သင်ကြားခဲ့သည့် သင်ခန်းစာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ယင်းနောက် ထူးချွန်ဆုရရှိသော သင်တန်းသူများကို တာဝန်ရှိသူများမှ ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။
ထို့နောက်သင်တန်းဆင်းလက်မှတ်များကို ဒုကျောင်းအုပ်ဒေါ်ဆုမြတ်ထွေးမှပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ယင်းနောက်တက်ရောက်လာသူများမှ သင်တန်းတွင် ခေတ်မီဒီဇိုင်းလက်ရာများနှင့် Handmade ပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒုကျောင်းအုပ်နှင့်နည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)