မအူပင် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ ဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိလာသော အသိပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန်ရည်ရွယ်ချက်များဖြင့် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မအူပင်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာခန်းမတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူးဒေါ်ယဉ်ဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်လွင်နှင့် အခြေခံပညာဦးစီးဌာန ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် “တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျောင်းသား လူငယ်များ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့် ကောင်းများရရှိစေရန်၊ ဘက်စုံးဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက် လာစေရန်” စသည့် ရည်ရွယ်ချက်များစွာဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က ကျေးရွာစာကြည့်တိုက်များအတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ပေးအပ်ခဲ့ရာ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ ကလက်ခံရယူခဲ့သည်။ ဆက်လက်ပြီး အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများ၊ သရုပ်ဖော်အကများဖြင့်ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသော ဓာတ်ပုံပြခန်းများ၊ စာအုပ်စာစောင်ပြခန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များနှင့် အားကစား ပြိုင်ပွဲများ ကျင်းပနေမှုများတွင် ကျောင်းသားလူငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများ၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)