ကန်ကြီးထောင့် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က အစုကြီးကျေးရွာအုပ်စု၊ (အစုကြီး) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားတွင် အ.ထ.က(ခွဲ) အစုကြီးကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ကံရွာနယ်မြေရဲစခန်း ရဲအုပ်စိန်တိုးက မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများတိုးတက် လာစေရန်၊ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့်စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ် ၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအား စတင်ကျင်းပရာ ဒုတိယမူလတန်းပြဆရာ ဦးဇေကိုက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး အ.ထ.က(အခွဲ)အစုကြီးကျောင်းနှင့် အ.ထ.က(ခွဲ) ရေတွင်းကုန်းလေးကျောင်းရှိ Grade-11, Grade-10 မှ ကျောင်းသား/ကျောင်းသူလေးများက စာပေမြင့်မှလူမျိုးမြင့်မည်၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ အချိန်၏တန်ဖိုး၊ လူငယ်နှင့်စာရိတ္တ၊ ယဉ်ကျေးသိမ်မွေ့ မြန်မာ့ဓလေ့စသည့် ခေါင်းစဉ်များအားအသီးသီး ဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်းခွဲ (ရေတွင်းကုန်းလေး)ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိမွန်နှင့်အ.ထ.က(ခွဲ)အစုကြီးကျောင်းကော်မတီဝင်ဦး ဇော်ဦးတို့က စကားဝိုင်းကျင်းပခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး အဆိုပါစကားဝိုင်ဆွေးနွေးပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ အ.ထ.က(ခွဲ)အစုကြီးနှင့် ရေတွင်းကုန်းလေးကျောင်းရှိ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)