ပျဉ်းမနား စက်တင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် သင်တန်းသားများနှင့် ရပ်ကျေးကော်မတီဝင်များအား မိတ်ဆက်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူး ဝေဖြိုးနိုင်က သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးတွင် အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းသားများနှင့် သက်ဆိုင်ရာ ရပ်ကျေးကော်မတီဝင်များအား မိတ်ဆက်ပေးခဲ့သည်။
ဆက်လက်၍ ပျဉ်းမနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်နှင့် တာဝန်ရှိသူများက ရပ်ကျေးကော်မတီဝင်များအား သန်းခေါင်စာရင်းဆိုင်ရာ ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပျဉ်းမနားခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများနှင့် ရပ်ကျေးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)