ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး 

ပဲခူး စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ (၂၄) ရက်နေ့ ညနေပိုင်းက ပဲခူးမြို့အတွင်းရှိ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီမြို့ရိုး၊ တံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ ပျက်စီးမှုများအား ချက်ချင်းပြန်လည်ပြင်ဆင်ရန်၊ လိုအပ်သည့်နေရာတွင် သတိပေးဆိုင်းဘုတ်များတပ်ဆင်ရန်၊ ကျုံးပတ်လမ်းတစ်လျှောက် လမ်းမီးတိုင်မီးလင်းစေရေးနှင့် ဟံသာဝတီရှေးဟောင်းကျုံးအတွင်းသို့ ရေစီးရေလာကောင်းမွန်စေရေး မြေပြင်အနိမ့်အမြင့် ပြန်လည်ချိန်ညှိဆောင်ရွက်သွားရန်၊ ကျုံးပတ်လမ်းဘေးရှိ အလှထိုင်ခုံများနှင့် ကျုံးရေပြင်သံပန်းအကာများ ဆေးပြန်လည်သုတ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။     

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ဘုရင့်နောင်မင်းတရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲ လှည်းယာဉ်တော်ကြီးအား မူလပုံစံ၊ အရွယ်အစားအတိုင်း တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရှေးမူလက်ရာအတိုင်းဆောက်လုပ်ရာတွင် သမိုင်းဆိုင်ရာအချက်အလက်မှန်များ ကိုးကားဆောင်ရွက်ရန်၊ ခိုင်ခန့်မှုကိုဦးစားပေးရန်၊ မြန်မာ လက်မှုအနုပညာလက်ရာအနုစိတ်များထည့်သွင်းဆောင်ရွက်ရန်၊ အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာဝတီမြို့တော်သစ်နှင့် ဒုတိယမြန်မာနိုင်ငံအား တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး(ဆင်ဖြူများရှင်)ကစီးနင်းသည့် ရထားလုံးတော်ကြီးဖြစ်၍ ခန့်နားထည်ဝါစွာဖြင့် တည်ဆောက်နိုင်ရေး သမိုင်းပညာရှင်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။       

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၌ ရှေးဟောင်းသမိုင်းဝင် လိပ်ပြာကန်အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဘက်စုံပြန်လည်အဆင့်မြှင့်တင်နေမှုအား လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိပ်ပြာကန်သည် ကျန်မားရေးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်း၊ မိသားစုအလိုက် လာရောက်အပန်းဖြေသည့် နေရာတစ်ခုအဖြစ် လူအမြဲမပြတ်စည်ကားသည့်နေရာဖြစ်၍ Landscaping Design များ အစဉ်လှပစေရေးထိန်းသိမ်းစောင့်ရှောက်ရန်၊ လိပ်ပြာကန် ပတ်လည်တစ်လျှောက် လျှပ်စစ်အလှမီးတိုင်များ မီးလင်းစေရေးဆောင်ရွက်သွားရန်၊ ရေကန်အတွင်း အမှိုက်များကင်းရှင်းစေရေး စဉ်ဆက်မပြတ်သန့်ရှင်းရေးပြုလုပ်ရန်၊ ရှေးဟောင်းပညာရှင်များ၏ အကြံပြုချက်အတိုင်း ဆေးအရောင်များပြန်သုတ်ရန်၊ လိပ်ပြာကန်အတွင်းသို့ ပြုလုပ်ထားသည့် အပန်းဖြေရန်နေရာမှ ကြမ်းခင်းများအား မိုးဒဏ်လေဒဏ်ခံနိုင်သည့် Bio Wood များဖြင့် ပြန်လည်အစားထိုးရန်နှင့် ရှေးဟောင်းသမိုင်းဝင်နေရာများ အဆင့်မြှင့်တင်ဆောင်ရွက်သည့်လုပ်ငန်းများတွင် သမိုင်းပညာရှင်ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)